International News

အာဂျင်တီးနားအစိုးရက ပဲပုတ်ဆီနှင့်ပဲပုတ်စေ့ထွက်ကုန်များအပေါ်တွင် ပို့ကုန်အခွန်များတိုးမြှင့် သတ်မှတ်

Last Updated:

အာဂျင်တီးနာနိုင်ငံသမ္မတ Alberto Fernández သည် ပြည်တွင်းကုန်ဈေးနှုန်းကြီးမြင့်မှုနှင့် ငွေကြေးဖောင်းပွမှုကို ထိန်းချုပ်ရန် အတွက် ပဲပုတ်ဆီနှင့် ပဲပုတ်စေ့ထွက်ကုန်ပစ္စည်းတင်ပို့မှုများအပေါ် ပို့ကုန်အခွန် ၃၁ ရာခိုင်နှုန်းကောက်ခံခဲ့ရာမှ နှုန်းထားအသစ် ဖြစ်သည့် ၃၃ ရာခိုင်နှုန်းသို့ တိုးမြှင့်သတ်မှတ်ခဲ့ကြောင်း၊ အဆိုပါအခွန်နှုန်းထားအသစ်သည် ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက် နေ့တွင် စတင်အသက်ဝင်မည်ဖြစ်ကြောင်း သတင်းတွင်ဖော်ပြထားသည်။

လက်ရှိအချိန်တွင် ပဲပုတ်ဆီနှင့် ပဲပုတ်စေ့ထွက်ကုန်ပစ္စည်းများ၏ ပို့ကုန်အခွန်နှုန်းထားသည် ပဲပုတ်စေ့သီးနှံအပေါ် ကောက်ခံသည့် အခွန်နှုန်းထားနှင့် အတူတူပင်ဖြစ်ကြောင်း၊ အာဂျင်တီးနားနိုင်ငံသည် ကမ္ဘာ့ဈေးကွက်သို့ ပဲပုတ်ဆီနှင့် ပဲပုတ်စေထွက်ကုန်ပစ္စည်း များ အမြောက်အများ တင်ပို့သည့်နိုင်ငံဖြစ်ပြီး ၂၀၂၁-၂၀၂၂ ခုနှစ်ကာလအတွင်း ကမ္ဘာ့ဈေးကွက်သို့ ပဲပုတ်စေ့ထွက်ကုန် ၄၁ ရာခိုင် နှုန်းနှင့် ပဲပုတ်ဆီ ၄၈ ရာခိုင်နှုန်းတို့ကို တင်ပို့ခဲ့ကြောင်း အမေရိကန်စိုက်ပျိုးရေးဌာန (U.S. Department of Agriculture - USDA) ၏ သတင်းတွင် ဖော်ပြထားသည်။

သမ္မတ Fernández ၏ ငွေကြေးဖောင်းပွမှုလျှော့ချရေးအစီအစဉ်ကို အာဂျင်တီးနား အစိုးရဝန်ကြီးဌာနများက လူမူမီဒီယာ စာမျက်နှာများအသုံးချ၍ လှုပ်ရှားဆောင်ရွက်လျက်ရှိကြောင်း၊ ငွေကြေးဖောင်းပွမှုလျှော့ချရေးမူဘောင်တွင် ပါဝင်သည့် အစီအမံ များကို လိုက်နာအကောင်အထည်ဖော်ကြရန် ပြည်နယ်အစိုးရများနှင့် အာဂျင်တီးနားပြည်သူများအား သမ္မတ Fernández က တိုက်တွန်းလျက်ရှိကြောင်း ဌာနအကြီးအကဲဖြစ်သူ Juan Manzur ကပြောကြားခဲ့သည်။

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီးဌာနသည် နှုန်းထားအဟောင်းဖြင့် သီးနှံများတင်ပို့နိုင်ခြင်းမဖြစ်ပေါ်စေရန်အတွက်  နိုင်ငံအတွင်း သီးနှံများ စတင်ရိတ်သိမ်းချိန်ဖြစ်သည့် ယခင်ရက်သတ္တပတ်အတွင်းကတည်းက ပဲပုတ်ဆီနှင့် ပဲပုတ်ထွက်ကုန် ပစ္စည်းတင်ပို့မှုများအား ယာယီရပ်ဆိုင်းထားခဲ့ကြောင်း၊ အခွန်များတိုးမြှင့်ကောက်ခံမှုကြောင့် ၂၀၂၂ ခုနှစ်ကုန်ဆုံးချိန်တွင် အမေရိ ကန်ဒေါ်လာ ၃၅၀ သန်းအထိ ဘတ်ဂျက်ဝင်ငွေများတိုးတက်ရရှိလာနိုင်ကြောင်း Manzur က ပြောကြားခဲ့သည်။

အစိုးရ၏ အခွန်းနှုန်းထားတိုးမြှင့်မှုကြောင့် ပို့ကုန်ကုမ္ပဏီပေါင်း ၁၁ ခုအထိ ထိခိုက်မှုများဖြစ်ပေါ်နိုင်ပြီး ၎င်းတို့အနက် ကုမ္ပဏီ ၈ ခု ၏ စုစုပေါင်းပဲပုတ်တင်ပို့မှုသည် ပဲပုတ်ပို့ကုန်စုစုပေါင်း၏ ၉၅ ရာခိုင်နှုန်းရှိကြောင်း၊ သို့ရာတွင် အခွန်တိုးမြှင့်မှုသည် ဂျုံ၊ ပြောင်း၊ နေကြာနှင့် ပဲပုတ်စေ့စိုက်ပျိုးထုတ်လုပ်သည့် လုပ်ငန်းရှင်များအပေါ်တွင် သက်ရောက်မှုမရှိနိုင်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီး Julián Domínguez ကပြောကြားခဲ့သည်။ အာဂျင်တီးနားနိုင်ငံ၏ ငွေကြေးဖောင်းပွမှုနှုန်းသည် လျင်မြန်စွာ မြင့်တက်လျက်ရှိနေပြီး ပြည်တွင်းစားသုံးသူဆနှုန်းကိန်း (Consumer Price Index - CPI) သည် ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလတွင် ၃.၉ ရာခိုင်နှုန်းနှင့် ဖေဖော်ဝါရီလတွင် ၄.၇ ရာခိုင်နှုန်းတို့ အသီးသီးပိုမိုမြင့်တက်ခဲ့သဖြင့် ယခင်တိုးတက်နှုန်းများနှင့် နှိုင်းယှဉ်ပါက တစ်နှစ်အတွင်း မြင့်တက်သည့်ပမာဏနီးပါး ဖြစ်ပေါ်ခဲ့ကြောင်း သတင်းတွင်ဖော်ပြထားသည်။

အာဂျင်တီးနားအစိုးရသည် ပြည်တွင်းအခြေခံစားသုံးကုန်ပစ္စည်းများ၏ ဈေးနှုန်းကြီးမြင့်မှုများကို ထိန်းသိမ်းနိုင်ရန် ဂျုံမှုန့်ဈေးနှုန်း တည်ငြိမ်ရေးရံပုံငွေ (Wheat Stabilizer Trust Fund) အား ထူထောင်ထားရှိကြောင်း၊ အဆိုပါလုပ်ဆောင်ချက်ကြောင့် ရုရှ-ယူကရိန်းပဋိပက္ခအတွင်း ပြည်တွင်းရှိ အခြေခံစားသောက်ကုန်ပစ္စည်းများဖြစ်သည့် ဂျုံ၊ ပြောင်း၊ နေကြာ စသည်တို့နှင့် ၎င်းတို့၏ ထွက်ကုန်ပစ္စည်းများ၏ ဈေးနှုန်းမြင့်တက်မှုများကို လျှော့ချပေးနိုင်မည်ဖြစ်ကြောင်း၊ ပဋိပက္ခများစတင်ချိန်တွင် ပြည်တွင်းဂျုံဈေး နှုန်းများသည် ၃၇ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့ကြောင်း Casa Rosada က ပြောကြားခဲ့သည်။

အစိုးရ၏ အခွန်တိုးမြင့်ကောက်ခံမှုအပေါ် အာဂျင်တီးနားလုပ်ငန်းရှင်များက ဆန့်ကျင်ကန့်ကွက်လျက်ရှိကြောင်း၊ သမ္မတ၏ ငွေကြေးဖောင်းပွမှုလျှော့ချရေးဆောင်ရွက်ချက်သည် ပြည်တွင်းထုတ်လုပ်မှုများကို ထိခိုက်စေသည့်အပြင် လက်ရှိဖြစ်ပေါ်နေသော ပြဿနာများကို ဖြေရှင်းနိုင်မည်မဟုတ်ကြောင်း၊ စားသောက်ကုန်ဈေးနှုန်းကြီးမြင့်မှုအားလျှော့ချနိုင်ရန် ပြည်တွင်းထုတ်လုပ်မှု တိုးတက်ရေး စီမံလုပ်ဆောင်သင့်ကြောင်း Argentine Rural Society ၏ ဥက္ကဌ Nicolás Pino က Clarín သတင်းဌာနသို့ ပြော ကြားခဲ့သည်။ ထို့အပြင် အစိုးရ၏ အခွန်တိုးမြင့်ကောက်ခံမှုသည် အာဂျင်တီးနားပို့ကုန်ပစ္စည်းများ၏ ဈေးကွက်ယှဉ်ပြိုင်နှိုင်မှုအပေါ် ထိခိုက်မှုများဖြစ်ပေါ်နိုင်ကြောင်း Argentine Soybean Chain Association ၏ ဥက္ကဌ  Luís Zubizarreta က ပြောကြားခဲ့သည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ဘရာဇီးလျားမြို့)

သတင်းရင်းမြစ် - canalrural.com.br

Category: International News